Saturday, November 12, 2016

သီဟိုဠ်သို့၁

+ပထမအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး ကိုးလအကြာ မဟာသက္ကရာဇ်(၁၀၈) ခု တန်ခူးလပြည့်နေ့တွင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ နာဂဒီပခေါ် သီဟိုဠ်ကျွန်း၊ သီရိလင်္ကာသို့ ကြွတော်မူခဲ့ပါသည်၊၊ ထိုအချိန်က ဤကျွန်းတွင် လူသားတို့မနေထိုင်ကြသေးဘဲ “ယက္ခ”ဟုခေါ်သော ဘီလူးများ နေထိုင်သည်ဟု မှတ်တမ်းများက ဆိုပါသည်၊၊ နာဂဒီပကျွန်း၏ အလယ်တွင် မဟာနာဂါဟုခေါ်တွင်သော ပန်းဥယျာဉ်ကြီးတခုရှိပါသည်၊၊ ဘီလူးတို့စုပေါင်း ပျော်ရွှင်ရာနေရာလည်း ဖြစ်သည်၊၊ တနေ့ ထိုပန်းခြံကြီးအတွင်း များစွာသော ဘီလူးတို့ပျော်ပွဲဆင်နွှဲနေစဉ် သည်းထန်သော မိုးကြီးနှင့်၊ မုန်တိုင်းများကျရောက်ပြီး၊ ၀န်းကျင်တစ်ခုလုံး ပိန်းပိတ်မှောင်အတိဖြစ်သွားပါသည်၊၊ ဘီလူးများအားလုံး ကြောက်လန့်တကြားပြေးသူပြေး၊ အော်ဟစ်ငိုယိုသူက ငိုယိုကြပြီး၊ အားကိုးရာမဲ့ ကြောက်လန့်ကုန်ကြပါသည်၊၊
ထိုအချိန်တွင် အမှောင်ထဲမှ အသံတစ်ခုပေါ်လာပါသည်၊၊ “အို..ဘီလူးအပေါင်းတို့…ငါ့အားထိုင်စရာ နေရာတစ်ခု ပြင်ဆင်ပေးမည်ဆိုလျင် သင်တို့အပေါ်ကျရောက်နေသော ဤဒုက္ခမှ ငါကယ်တင်ပေးမည်”၊၊ အသံကိုကြားရသောအခါ ဘီလူးများဝမ်းသားပြီး၊ ဤဒုက္ခမှ ကယ်တင်ပေးလျင် ထိုင်စရာနေရာ တခုတင်မက နာဂဒီပတစ်ကျွန်းလုံးကိုပင် ပေးပါကြောင်း ပြန်လည်ဖြေကြလေသည်၊၊ မိုးလေများအားလုံး ရပ်တန့်သွားပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်ဖြင့် ပြန်လည်သာယာလာ ပါသည်၊၊ ဘီလူးများ မြတ်စွာဘုရားရှင် အေးဆေးတည်ငြိမ်စွာ သီတင်းသုံးထိုင်နေတော်မူသည်ကို ဖူးတွေ့ကြရပါသည်၊၊ မြတ်စွာဘုရားရှင်သည် ဘီလူးများအား သရဏဂုံသုံးပါး၌ တည်စေပြီး၊ တရားတော်များကို ဟောကြားပြသတော်မူပါသည်၊၊ ထိုဘီလူးများအထဲတွင် မဏိအက္ခိကအမည်ရှိ နဂါးမင်းနှင့်၊ သုမနနတ်သားတို့သည် သောတာပန်တည်ခဲ့ကြလေသည်၊၊ သုမနနတ်သားအား မြတ်စွာဘုရားမှ ဆံတော်တစ်ဆုပ် ချီးမျှင့်တော်မူခဲ့ပါသည်၊၊ ဘုရားရှင်ပြန်လည် ကြွချီသွားသောအခါ ထိုဆံတော်တစ်ဆုပ်နှင့် နဂါးတို့အားတရားဟောစဉ်က ထိုင်တော်မူခဲ့သော ပလ္လင်တော်ကိုဌာပနာပြီး စေတီတစ်ဆူကို တည်ခဲ့ကြပါသည်၊၊ ထိုစေတီကိုယ္ခုအခါ “ရာဇာယတန မဟိယင်္ဂဏစေတီ” ဟုခေါ်ပါသည်၊၊ ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်၊၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသောအခါ ဤစေတီ တော်ကြီးအတွင်း လက်ဝဲညှတ်ရိုးဓာတ်တော်ကို ဌာပနာထားကြောင်းလည်း သမိုင်းမှတ်တမ်းအရ သိရ ပါသည်၊

No comments:

Post a Comment