Saturday, November 12, 2016

လင်္ကာစွယ်တော်

ကန္ဒီမြို့ မြတ်ဗုဒ္ဓစွယ်တော်ရှိရာတိုက်ကို (Sri  Dalada Maligawa) သီရိ ဒဠဒ မာလိဂါဝ ခေါ်ပါသည်။ သီရိဆိုသည်မှာ ကျက်သရေရှိသော  ဒဠဒ-က စွယ်တော်၊ မာဠိဂါဝ-က နန်းတော် ဟုဘာသာပြရပါတယ်။ ကျက်သရေရှိသော မြတ်ဗုဒ္ဓစွယ်တော်မြတ်တည်ရှိရာနန်းတော် ဟု အဓိပ္ပါယ်ရပါသည်။ ထိုမြတ်ဗုဒ္ဓစွယ်တော်ပူဇော်ပွဲကို (ဇူလိုင်၊သြဂုတ်) နှစ်စဉ်နှစ်တိုင်းကျင်းပပူဇော်ကြပါတယ်။ ထိုပူဇောတ်ပွဲကို (Asala Perahera) အာသဠပေရဟေရ ဟုခေါ်ပါတယ်။ ထိုမြတ်ဗုဒ္ဓစွယ်တော်ပူဇောတ်ပွဲကိုဖြင့် မိုးခေါ်ပွဲဟုလည်းခေါ်ပြန်သေးပါတယ်။ အကြောင်းကာ-အာသဠဆိုသည်မှာ ခြောက်သွေ့သောကာလဖြစ်၍ သီရိလင်္ကာရှိဗုဒ္ဓဘာသာဝင်တို့သည် မြတ်ဗုဒ္ဓစွယ်တော်ကိုပူဇော်ခြင်းမှာ မိုးရွာစေနိုင်သည်ဟုအစဉ်အလားယုံကြည်ကြပါတယ်။ ၁၈၂၈-ခုနှစ်တွင် နှစ်စဉ်ကျင်းပနေကြဖြစ်သော မြတ်ဗုဒ္ဓစွယ်တော် လှည့်လည်ပူဇော်ပွဲကို ပိတ်ပင်ခဲ့ရာ သုံးနှစ်ဆက်တိုက် မိုးမရွာသဖြင့် ကောက်ပဲသီးနှံများ စိုက်ပျိုမရ ဖြစ်ခဲ့ရသည်ဟုဆိုပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ပွဲကို မကျင်းပသောကြောင့်ဖြစ်ရသည်ဟု ရဟန်းပညာရှင်၊လူပညာရှင်များက အသိမှတ်ပြုကာ ထိုအချိန်က မြို့တော်ဝန် ဆာအက်ဒ်ဝဒ်ဘားနက်ကို တွေ့ပြီး မြတ်ဗုဒ္ဓစွယ်တော်ပူဇော်ပွဲကို ပြန်လည်းကျင်းပဖို့ တောင်းဆိုခဲ့ပြီး ထိုသူ၏ခွင့်ပြုချက်ဖြင့် ဆက်လက်ကျင်းပကြပါတယ်။ ထိုသို့ကျင်းပခြင်းကြောင့် မိုးလေ၀သများ ကောင်းလာပြီး စိုက်ပျိုရေးအခြေအနေအခက်အခဲများ မရှိရသောကြောင့် ဒီမြတ်ဗုဒ္ဓစွယ်တော်ပူဇော်ပွဲကို မိုးခေါ်ပွဲဟုလည်း ခေါ်ဆိုနိုင်ပါတယ်။ 
မြတ်ဗုဒ္ဓစွယ်တော်
ပေရဟေရ-စီးတန်းလှည့်လည်ပွဲသည် မိုးခေါ်ပွဲဖြစ်သည့်အားလျှော်စွာ မိုးခြိမ်းသံကို ကိုယ်စားပြုသော ကြိုးရမ်းဗြောက်သံများနှင့် စတင်ကြပါတယ်။ ထို့နောက် သီရိလင်္ကာနိုင်ငံရှိအလံတော်နှင့်တကွ သာသနာ့အလံတော်များကိုင်ဆောင်ထားသော စွယ်တော်တိုက်အဖွဲ့အ၀င်များ၊ မီးအမျိုးမျိုးကို ကစားပြသော ဖျော်ဖြေရေးအဖွဲ့များ၊ တစ်ခြားသောအကမျိုးစုံဖွဲ့များလည်းစီးတန်းလှည့်လည်ကြပြီး ဘေးတစ်ဖက်တစ်ချက်တွင် အုန်ဆံခြောက်များကို မီးရှို့ထားသော မီးတုတ်ကိုင်သူများလိုက်ပါကြပါတယ်။ ထိုမီးတုတ်များသည် လျှပ်စီးလက်သည်ကို သင်္ကေတပြုသည်ဟု ဆိုပါတယ်။ ထိုစီးတန်းလှည့်လည်ပွဲတော်၌ ပထမအစ၌ဆင်များကို တစ်ကောင်းချင်စီ၊ ဒုတိယအနေဖြင့် ဆင်များကို နှစ်ကောင်းချင်စီ စသည့်ဖြင့်လှည့်လည်ကြပါတယ်။ ထိုပွဲတော်၌ ဆင်များကို မိုးသားတိမ်လိပ်များကို ကိုယ်စားပြုသည်ဟု သိရပါတယ်။  ပထမဆင်ကို ဗုဒ္ဓသာသနာ့အလံတော်၊ ဒုတိယဆင်တော်ကို ပိဋကတ်သုံးပုံ၊ တတိယဆင်တော်မှစ၍ ဆင်တော်အချို့သည် ဗုဒ္ဓစွယ်တော်မြတ်၏ အသုံးအဆောင်တို့ကို တင်ဆောင်ကြပါတယ်။ ထိုဆင်တော်များရဲ့အလယ်၌ အတီးမှုတ်အဖွဲ့အမျိုးမျိုး၊အကအဖွဲ့အမျိုးမျိုးဖြင့်စီးတန်းလှည့်လည်ကြတာကိုလည်းတွေ့ရပါတယ်။ အထူးအားဖြင့် မြတ်ဗုဒ္ဓစွယ်တော်ကို စီးတန်းလှည့်လည်ပွဲ၏အလယ်လောက်တွင်ပင့်ဆောင်ကာ ဘေးတစ်ဖက်တစ်ချက်၌ ဆယ်နှစ်ကောင်းကာရံကာပင့်ဆောင်တော်မူပါတယ်။ ထိုမြတ်ဗုဒ္ဓစွယ်တော်ကိုတင်ဆောင်ထားသောဆင်ကို အထူးတလည်ဖြင့် လျှပ်စစ်မီးပန်းများစွာဖြင့် လှပစွာဆင်ယင်ထားသည်ကိုလဲထူးခြားစွာတွေ့မြင်နိုင်ပါတယ်။ ထိုမြတ်ဗုဒ္ဓစွယ်တော်ရဲ့နောက်မှာလည်း ဖျော်ဖြေမှူ့ပေါင်းများစွာကိုတွေ့ရှိရပြီး မကြာမီ မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ပွဲပြီးဆုံးခြင်းသို့ရောက်ပါတယ်။ထိုမြတ်ဗုဒ္ဓစွယ်တော်ပူဇော်ပွဲကို (၁၀)ရက်တိတိကျင်းပကြပါတယ်။

မြတ်ဗုဒ္ဓစွယ်တော် စီးတန်းလှည့်လည် ပူဇော်ပွဲ ဆယ်ရက်မြောက်နေ့ညအပြီး နောက်နေ့ နံနက်၃-နာရီခန့်တွင်စွယ်တော်ထိန်းဦးဆောင်သောအဖွဲ့သည် ဆင်တော်အနည်းငယ်၊အတီးအမှုတ်အဖွဲ့၊ အကဖွဲ့အနည်းငယ်ဖြင့် အစဉ်အလာယုံကြည်ချက်အရ နတ်ပြည်၌ စိုင်ခဲနေသော မိုးကိုဖြတ်သည့် သင်္ကေတအနေဖြင့် ရေဖြတ်မင်္ဂလာပွဲကို ပြုလုပ်ရန် မဟာဝေလိမြစ်၏ ဂေတမ်ဗေရေဆိပ်သို့ သွားကြပါတယ်။ ထိုရေဆိပ်၌ ရေဖြတ်မင်္ဂလာပြုပြီးလျှင် တစ်နှစ်အတွက် မြတ်ဗုဒ္ဓစွယ်တော်ပူဇော်ပွဲပြီးဆုံးပါလေတော့သတည်း။

ဝန်ခံချက်။    ။ လင်္ကာတမန်မဂ္ဂဇင်းကို  နည်းမှီ၍ ရေးသားထားခြင်းဖြစ်ပါတယ်

No comments:

Post a Comment