သီရိလင်္ကာနိုင်ငံက သီရိ မဟာ ဗေဓိကို 288 BC မှာ သီရိလင်္ကာနိုင်ငံသို့ စတင်ပင့်ဆောင် ပူဇော်ပါတယ်။ ။
တတိယသံဂါယနာတင်အပြီး ကိုးတိုင်းကိုးဋ္ဌာနကို သာသနာပြုစေလွှတ်တဲ့ အခါမှာ သီရိဓမ္မာသောက မင်းကြီးက သူ့ရဲ့သားတော် အရှင်မဟာမဟိန္ဒဦးဆောင်တဲ့ သာသနာပြုအဖွဲ့က သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)ကို ကြွရောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သီလင်္ကာနိုင်ငံရဲ့ ဒေဝါနံပိယတိဿအမည်ရှိတဲ့ မင်းဟာ တောကစားထွက်ပါတယ်။ မိဿက အမည်ရှိတဲ့ တောင်မှာ သီရိဓမ္မာသောက မင်းကြီးရဲ့ ရဟန္တာ အရှင်မဟိန္ဒမထေရ် နဲ့ ဒေဝါနံပိယတိဿမင်း တွေ့ပြီး။ မဟိန္ဒမထေရ်က တရားဟောလိုက်တဲ့ အချိန်မှာ ဒေဝါနံပိယတိဿမင်း နဲ့ နောက်လိုက် စစ်သည် ဗိုလ်ပါပရိသတ်များ အားလုံး သရဏဂုဏ်ဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဥပါသကာ ဥပါသိကာမအဖြစ် ခံယူကြပါတယ်။ အဲဒီအချိန်က စပြီး သီရိလင်္ကာနိုင်ငံဟာ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိခဲ့ပါတယ်။ ဒေဝါနံပိတဿ မင်းနှင့်တကွ တိုင်းသားပြည်သူအားလုံးတို့ဟာ ဗုဒ္ဓ ဘာသာဝင်များဖြစ်လာကြပါတယ်။ မင်းညီ၊မင်းသားများနှင့် အမျိုးကောင်းသားများစွာတို့သည် ဗုဒ္ဓသာ သနာတော်အတွင်းမှာ ရှင်၊ရဟန်းအဖြစ်ဖြင့် ၀င်ရောက်လာကြပါတယ်။ အိမ်ရှေ့မင်း၏ မိဖုရားအနုဠာ ဒေ၀ီ နှင့် အခြွေအရံ မောင်းမမိဿံ အမျိုးသမီးတို့ကလည်း သာသနာ့ဘောင်ဝင် ရဟန်းမ(ဘိက္ခူနီမ)ပြုချင်တဲ့ အတွက်ကြောင့် ၀ိနည်းသိက္ခာ ပုဒ်အရ အမျိုးသမီးများအား ဘိက္ခူနီပြုရာတွင် ဥဘတောသံဃာ ပြည့်စုံရတာဖြစ်လို့ အရှင်မဟာမဟိန္ဒက ညီမတော် သင်္ဃမိတ္တာရဟန္တာထေရီမကို ဘုရားဖြစ်တော်မှုရာ မဟာဗောဓိပင်ရဲ့ ဒက္ခိဏသာခါ တောင်ဘက်လက်ယာကိုင်းကိုပါ ပင့်ဆောင်ပြီး သီဟိုဠ်ကို သာသနာပြုကြွရောက်ရန် အကြောင်း ကြားလိုက်ပါတယ်။
ဒါပေမယ့် ဘုရားဖြစ်တော်မှုရာ မဟာဗောဓိပင်ဟာ ပရိဘောဂစေတီ ထိုက်တာဖြစ်လို့ ကြမ်းတမ်းတဲ့ ဓါးတွေ လွှတွေနဲ့ ခုတ်ဖြတ်ဖို့ မသင့်လျှော်တဲ့အတွက်ကြောင့် သံဃာတော်အရှင်မြတ်တို့ရဲ့ စီစဉ်မှုနဲ့ သီရိဓမ္မာသောကမင်းကြီးဟာ ဒီလို သစ္စာအဓိဋ္ဌာန်ပြုပါတယ် "အကယ်၍ ဤဘုရားဖြစ်တော်မှုရာ မဟာဗောဓိပင်၏ ဒက္ခိဏသာခါ လက်ယာကိုင်းတော်သည် သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)သို့ ဧကန်စင်စစ် ကြွရောက် သီတင်းသုံးတော်မှုငြားအံ့၊ ဘုရားတပည့်တော်သည်လည်း မြတ်စွာဘုရား၏ သာသနာ၌ ယုံမှားသံသယကင်းသော သာသနာပြု မင်းတစ်ပါး ဖြစ်ငြားအံ့ ဤဒက္ခိဏသာခါ လက်ယာကိုင်းတော်သည် ခင်းထားအပ်သော ရွှေအခင်းပေါ်သို့ သက်ဆင်းကြွရောက်ပြီး မားမားမတ်မတ်ရပ်တည် တော်မှုပါဘုရား" လို့ သစ္စာအဓိဋ္ဌာန်ပြုပြီး လက်ယာဗောဓိ ကိုင်းတော်ကို ပတ်ထားတဲ့ ရွှေဖျဉ်းကို သီရိဓမ္မာသောကမင်းကြီး ကိုယ်တိုင်သစ္စာအဓိဋ္ဌာန် စာတမ်းရေးထိုးလိုက်ပါတယ်။ မဟာဗောဓိပင်ရဲ့ တန်းခိုးပြာဋိဟာပြပုံတွေ၊ သီရိဓမ္မာသောကမင်းနှင့် တိုင်းသူပြည်သားတွေ နတ်ဗြဟ္မာတွေ မဟာဗောဓိကို ပူဇော်ပုံတွေကို မပြောတော့ပါဘူး။ တိုတို ပြောရရင် ။ သီရိဓမ္မာသောကမင်းကြီးဟာ သူ့ရဲ့မင်းစည်းစိမ်နဲ့ သုံးကြိမ်တိတိ စိတ်ကြိုက်ပူဇော်ပြီး သမီးတော် သင်္ဃမိတ္တာရဟန္တာထေရီကို လှူဒါန်းလိုက်ပါတယ်။ သီရိဓမ္မာသောကမင်းကြီးရဲ့ သမီးတော် သင်္ဃမိတ္တာရဟန္တာ ထေရီမကြီး အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ ဗုဒ္ဓဂယာ မဟာဗောဓိပင်မှ ပင့်ဆောင်လာခဲ့တဲ့ ဒက္ခိဏသာခါ လက်ယာကိုင်းတော်ကို ယခုတိုင် သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာ ဖူးမြော် ကြည်ညိုနိုင်ပါသေးတယ်။
No comments:
Post a Comment